တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ပြီးပြည့်ဆုံသည့်အနှစ်ချုပ် ဒုအာများထဲမှတစ်ခုမှာ - အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏ အမှားများ၊အပြစ်များ၊ ကျွန်တော်မျိုး၏ အသိပညာကင်းမဲ့မှုများနှင့် ကျွန်တော်မျိုး မသိနားမလည်ဘဲ ဖြစ်ပေါ်ခဲ့သည့် အရာများကို ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုး၏ ကိစ္စအရပ်ရပ်တွင် အလွန်အ မင်းပြုမူမိခြင်း၊ ကျွန်တော်မျိုး၏ ပျက်ကွက်မှုများနှင့် ကျွန်တော်မျိုး၏ ကန့်သတ်ချက်များကို ကျော်လွန်ခြင်းတို့တွင် ( ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ကျွန်တော်မျိုးထက် အရှင်မြတ်ပိုသိတော်မူသည့် အရာများတွင်လည်း (ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ထိုအကြောင်းအရာကိုသိရှိတော်မူပြီး ကျွန်တော်မျိုးသည် မေ့လျော့ခဲ့ပါသည်။ အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များ၊ ကျွန်တော်မျိုး၏ တမင်ရည်ရွယ်ပြုလုပ်မိသည့်အမှား၊ ကျွန်တော်မျိုးထံမှ ရည်ရွယ်ချက်ရှိရှိ ထွက်ပေါ်လာသော အရာများ၊ ကျွန်တော်မျိုးကိုယ်တိုင် သိရှိထားသော ကျွန်တော်မျိုး၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုး၏ အတည်အတံပြောဆိုမှု နှင့် နောက်ပြောင်ပြောဆိုမှုတို့မှ ထွက်ပေါ်လာသော အရာများ၊ ကျွန်တော်မျိုးထံမှ အခြေအနေနှစ်မျိုးလုံးတွင် ဖြစ်ပေါ်ခဲ့သမျှကို ခွင့်လွှတ်တော်မူပါ။ ထိုအရာအားလုံးသည် ကျွန်တော်မျိုးထံတွင် ရှိပါသည်။ ထိုစုစည်းတင်ပြထားသော အပြစ်များနှင့် ချို့ယွင်းချက်များအားလုံးကို (ကျွန်တော်မျိုးကျူးလွန်မိပါသည်။) အို - အလ္လာဟ်အရှင်မြတ်၊ကျွန်တော်မျိုး ယခင်ကျူးလွန်ခဲ့သော အပြစ်များနှင့် နောင်တွင်ကျူးလွန်မိမည့် အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုး လျှို့ဝှက်စွာကျူးလွန်မိခဲ့သောအရာများနှင့် ကျွန်တော်မျိုး ပေါ်ပေါ်ထင်ထင်ကျူးလွန်မိခဲ့သောအရာများကို ခွင့်လွှတ်တော်မူပါ။ “ အရှင်မြတ်သည်သာလျှင် ရှေ့သို့တွန်းပို့တော်မူသူ၊ အရှင်မြတ်သည်သာလျှင် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရှင် ဖြစ်တော်မူပါသည်”။ အရှင်မြတ်၏ အဖန်ဆင်းခံများအနက်မှ အရှင်မြတ်အလိုရှိတော်မူသောသူကို ကောင်းမှုများပြုလုပ်နိုင်သည့် အခွင့်အရေးပေးတော်မူပြီး မိမိ၏ ကရုဏာတော်ဘက်သို့ ရှေ့ရှုတွန်းပို့တော်မူသည်။ ထိုနည်းတူ အရှင်မြတ်သည်အဖန်ဆင်းခံများအနက်မှ မိမိအလိုရှိတော်မူသော သူကို (ထိုသို့သော အခွင့်အရေးမှ) ချန်ထားခဲ့ပြီး နောက်သို့ရွှေ့ဆိုင်းထားတော်မူသည်။ အရှင်မြတ် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရာများကို မည်သူမျှ ရှေ့သို့မတွန်းပို့နိုင်ပါ၊ ထို့ပြင် အရှင်မြတ် ရှေ့သို့တွန်းပို့တော်မူသော အရာများကိုလည်း မည်သူမျှ နောက်သို့မရွှေ့ဆိုင်းနိုင်ပါ။ ထို့ပြင် အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူပါသည်။ တစ်နည်း ပြည့်ဝသောစွမ်းရည်နှင့် အလိုဆန္ဒအပြည့်အစုံရှိတော်မူသောအရှင်၊ အလိုရှိတော်မူသမျှကို ပြုလုပ်ဆောင်ရွက်တော်မူသော အရှင်ဖြစ်ပါသည်။