တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) သည်ညနေခင်း အချိန်ခါနှင့် မနက်ခင်းအခ်ျန်ခါတို့၌ ဤ တောင်းဆုဒုအာများကို မဖတ်ဘဲ နေ တော်မူလေ့မရှိပေ။ اللَّهُمَّ إِنِّي أَسْأَلُكَ ) العافيةَ) အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ရောဂါဝေဒနာများ၊ ဘေးဒုက္ခများ၊ လောကီပြဿနာများ၊ ဖြားယောင်းသွေးဆောင်မှုများနှင့် ဒီန်သာသနာနှင့် သက်ဆိုင်သည့်စမ်းသပ်မှုများမှ အရှင်မြတ်ထံ အာဖီယသ်ကိုတောင်းခံပန်ကြားပါ၏။ (في الدنيا والآخرة) လောကီဘဝ၌ဖြစ်စေ၊ တမလွန်ဘဝ၌ဖြစ်စေ၊ တစ်နည်း မြန်မြန်ရောက်လာသော ဘေးဒုက္ခဖြစ်စေ၊ နောက်ကျမှရောက်လာသော ဘေးဒုက္ခဖြစ်စေ အားလုံးမှ ( အရှင်မြတ်ထံ အာဖီယသ်ကို တောင်းခံပန်ကြားပါ၏။ ) ( اللَّهُمَّ إِنِّي أَسْأَلُكَ الْعَفْوَ وَالْعَافِيَةَ فِي دِينِي وَدُنْيَايَ وَأَهْلِي وَمَالِي) အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်ထံ ခွင့်လွှတ်ခြင်းကို တောင်းခံပန်ကြားပါ၏။( တစ်နည်း ) အပြစ်များကို ပယ်ဖျက်ပေးတော်မူခြင်းနှင့် ထိုအပြစ်များမှ ခွင့်လွှတ်တော်မူခြင်းကိုတောင်းခံပန်ကြားပါ၏။ ထို့ပြင် ကျွန်တော်မျိုးသည် အရှင်မြတ်ထံ အာဖိယသ်ကို တောင်းခံပန်ကြားပါ၏။ ( တစ်နည်း ) ကျွန်တော်မျိုး၏ သာသနာ့ယုံကြည်ချက်တွင် ရှိရ်က်၊ ဗိဒ်အသ်များနှင့် အပြစ်အကုသိုလ်များဖြစ်စေ၊ လောကီဘဝတွင် ဘေးဒုက္ခများ၊ နှောင့်ယှက်နှိပ်စက်မှုများနှင့် ဆိုးယုတ်မှုများမှ ဖြစ်စေ၊ ကျွန်တော်မျိုး၏ဇနီးမယား၊ သားသမီးများ၊ ဆွေမျိုးများနှင့်ဆိုင်သော အရာများ ဖြစ်စေ၊ သို့မဟုတ် ကျွန်တော်မျိုး၏ ပစ္စည်းဥစ္စာများနှင့် လုပ်ဆောင်ချက်များနှင့်ဆိုင်သော အရာများဖြစ်စေ စသည့် ချို့ယွင်းချက်များမှ ကင်းဝေးရန် အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ اللَّهُمَّ اسْتُرْ عَوْرَتِي -أَو: عَوْرَاتِي- وَآمِنْ رَوْعَاتِي" အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၌ရှိသော ချို့ယွင်းချက်များ၊ အားနည်းချက်များကို ဖုံးကွယ်ပေးတော်မူပါ။ ကျွန်တော်မျိုး၏ ပြစ်မှုများကို ပယ်ဖျက်ပေးတော်မူပါ။ ကျွန်တော်မျိုး၏ ကြောက်ရွံ့တုန်လှုပ်မှုများကို အေးချမ်းမှုပေးပါ။ اللَّهُمَّ احْفَظْنِي مِنْ بَيْنِ يَدَيَّ، وَمِنْ خَلْفِي، وَعَنْ يَمِينِي، وَعَنْ شِمَالِي، وَمِنْ فَوْقِي" အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား ရှေ့၊ နောက်၊ ယာ၊ ဝဲ၊ အထက်ဘက် စသော အရပ်မျက်နှာအားလုံးမှ အန္တရာယ်ပေးသောအရာများအားလုံးနှင့် စမ်းသပ်မှုများမှ ကာကွယ်စောင့်ရှောက်ပေးတော်မူပါ။ အဘယ်ကြောင့်ဆိုသော် ဘေးဒုက္ခများနှင့် စမ်းသပ်မှုများသည် ဤအရပ်မျက်နှာများမှသာ လူသားထံ ရောက်ရှိလာလေ့ရှိသောကြောင့်ဖြစ်သည်။ "وَأَعُوذُ بِعَظَمَتِكَ أَنْ أُغْتَالَ مِنْ تَحْتِي" ထို့အပြင် ကျွန်တော်မျိုးသည် အောက်ခြေ(မြေကြီး)မှ ရုတ်တရက် မြေမျိုချခံရခြင်း၊ ရုတ်တရက်ဖမ်းဆီးအရေးယူခံရခြင်း၊ သတိမေ့လျော့လျက်ရှိနေစဥ် ပျက်စီးခြင်း၊ မြေကြီးကွဲကျွံ၍ ပျက်စီးခြင်းမှ အရှင်မြတ်၏ ကြီးကျယ်မှုအားဖြင့် ခိုလှုံပါ၏။