တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿ်ွဆွလာသ်တိုင်း၌ စလာမ်လှည့်ပြီးသောအခါ ကြီးကျယ်မြင့်မြတ်လှသည့် ဤဇိက်ရ်တော်ကို ရွတ်ဆိုလေ့ရှိသည်။ ယင်းဇိက်ရ်တော်၏အဓိပ္ပာယ်မှာ "لا إله إلا الله" အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိ။ "وحده لا شريك له" အလ္လာဟ်အရှင်မြတ်သည် ခဝပ်ကိုးကွယ်မှုကို ခံထိုက်ခြင်း၌လည်းကောင်း၊ အရာခပ်သိမ်းကိုဖန်ဆင်းမွေးမြူး ထိန်းသိမ်းစောင့်ရှောက်ခြင်း၌လည်းကောင်း၊ အရှင်မြတ်၏ ဂုဏ်တော်၊ နာမတော်များကို ပိုင်ဆိုင်ရာတွင်လည်းကောင်း အရှင်မြတ်နှင့်အတူ ဖက်စပ်ပါဝင်သူဟူ၍မရှိ။ "له الملك" အလွန်ပင်ပြည့်ဝစုံလင်၍ အကန့်အသတ်မရှိသော စိုးပိုင်မှုအာဏာ၊ မိုးကောင်းကင်များနှင့် မြေပထဝီနှင့် ၎င်းတို့ကြားရှိ အရာခပ်သိမ်း၏ စိုးမိုးအုပ်ချုပ်မှုအာဏာသည် အရှင်မြတ်အဖို့သာဖြစ်သည်။ "وله الحمد" ထိုအရှင်မြတ်သည် ပြီးပြည့်စုံတော်မူသောအရှင်ဖြစ်ပြီးတော်မူသည်။ ချောင်လည်သည့်အခါတွင်ဖြစ်စေ၊ ခက်ခဲသည့်အခါတွင်ဖြစ်စေ အခြေအနေတိုင်း၌ ပြည့်ဝသည့် ချစ်ခင်မြတ်နိုးမှု၊ ဂုဏ်ပေးလေးစားမှုတို့နှင့်တကွ ချီးမွမ်းခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်သည်။ "وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" ထိုအရှင်မြတ်၏ စွမ်းဆောင်နိုင်မှုသည် အဘက်ဘက်မှ ပြည့်ဝစုံလင်တော်မူသည်။ မည်သည့်အရာကမျှ ထိုအရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် မပြုလုပ်နိုင်ချေ။ ထို့အတူ မည်သည့်အရေးကိစ္စကမျှ ထိုအရှင်မြတ်အား တားဆီးပိတ်ပင်နိုင်သည်ဟူ၍မရှိပါ။ "لا حول ولا قوة إلا بالله" အခြေအနေတစ်ခုမှ အခြားအခြေအနေတစ်ခုသို့ ပြောင်းလဲခြင်း၊ အလ္လာဟ်အရှင်မြတ်၏အမိန့်ဖီဆန်ခြင်းမှ အရှင်မြတ်၏ အမိန့်နာခံခြင်းဘက်သို့ ပြောင်းလဲခြင်းသည် အလ္လာဟ်အရှင်မြတ်ချီးမြှင့်မှသာ ဖြစ်နိုင်ပါသည်။ ထိုအရှင်မြတ်သည်သာ အကူအညီစောင်မတော်မူသောအရှင်၊ အားကိုးအားထားရာအရှင်ဖြစ်တော်မူသည်။ "لا إله إلا الله، ولا نعبد إلا إياه" အလ္လာဟ်အရှင်မြတ်သာလျှင် ခဝပ်ကိုးကွယ်မှုကို ခံထိုက်သည့်အရှင်ဖြစ်ကြောင်း အလေးအနက်ထား ဖော်ပြထားပြီး ရှိရ်က်တုဖက်နှိုင်းယှဥ်ခြင်းကို ပယ်ဖျက်ထားသည်။ အရှင်မြတ်မှအပ မည်သူမျှ ခဝပ်ကိုးကွယ်မှုကို ခံထိုက်ခြင်းမရှိ။ "له النعمة وله الفضل" ထိုအရှင်မြတ်သည် နိအ်မသ် စည်းစိမ်အားလုံးကို ဖန်ဆင်းတော်မူသောအရှင်၊ ၎င်းတို့ကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်သည်။ ထိုအရှင်မြတ်သည် မိမိ၏ကျေးကျွန်များအနက် မိမိအလိုရှိသူအား ထိုနိအ်မသ်များဖြင့် ကျေးဇူးပြုတော်မူသည်။ " وله الثناء الحسن "ချီးမွမ်းထောမနာပြုခြင်းဟူသမျှသည် အခြေအနေတိုင်းတွင် အရှင်မြတ်၏ ဇာသ်တော်၊ ဂုဏ်တော်များ၊ လုပ်ရပ်များ၊ စည်းစိမ်များအားလုံး အတွက်သာဖြစ်၏။ "لا إله إلا الله، مخلصين له الدين" အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ပြီး ပြစားမှု၊ ကျော်ကြားလိုမှု မပါဘဲ အရှင်မြတ်၏အမိန့်ကို နာခံပါ၏။ "ولو كره الكافرون" ကာဖိရ်များ မနှစ်သက်ကြစေကာမူ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းအပေါ် မြဲမြံစွာရပ်တည်နေပါသည်။