တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု) ၏လက်ကို ကိုင်ကာ သူ့အား "အလ္လာဟ်အရှင်မြတ်ရဲ့ ကစမ်၊ ဧကန်အမှန် ငါကိုယ်တော်သည် အသင့်အား ချစ်မြတ်နိုးပါသည်" ဟု မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် "အို-မုအာဇ်၊ ငါကိုယ်တော် အသင့်အား တိုက်တွန်းလိုသည်မှာ- အသင် မည်သည့် ဆွလာသ်ကိုမဆို ဝတ်ပြုပြီးနောက်တွင် အောက်ပါဒုအာ ရွတ်ဆိုခြင်းကို မစွန့်လွှတ်လေနှင့်။ (اللهم أَعِنّي على ذكرك) 'အလ္လာဟုမ္မ အအင်နီ အလာ ဇိက်ရိက' အို- အလ္လာဟ်အရှင်မြတ်၊ အမိန့်နာခံမှုနှင့်နီးကပ်စေသော အပြောအဆိုနှင့် လုပ်ရပ်တိုင်းတွင် အရှင်မြတ်အား သတိရတသခြင်း၊ (وشُكْرِك) ဝ ရွှတ်က်ရိက၊ နိအ်မသ်ကျေးဇူးတော်များရရှိခြင်းနှင့် ဘေးအန္တရာယ်များကင်းရှင်းခြင်းအတွက် အရှင်မြတ်အား ကျေးဇူးတင်ခြင်းနှင့် (وحُسْن عبادتك) ‘ ဝ ဟုဆ်နိ အိဗာဒသိက' အိဗာဒသ်ခဝပ်ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ဖြစ်စေခြင်းနှင့် တမန်တော်မြတ်၏လမ်းစဉ်အတိုင်း အကောင်းဆုံးသော နည်းလမ်းဖြင့် အရှင်မြတ်အား အိဗာဒသ်ခဝပ်ကိုးကွယ်ခြင်း၊ တို့တွင် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါ။