ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည် မဟုတ်ကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းပြတော်မူခဲ့သည်။ ထို့အပြင် ဆွဒကဟ် အလှူဒါနသည် ဘေးဗလာများကိုဖယ်ရှားပေးသည်။ အလ္လာဟ်အရှင်မြတ်သည် အလှူဒါနပြုသူအား ကြီးကျယ်လှသော ကောင်းခြင်းများ အစားပြန်လည်ချီးမြှင့်တော်မူသဖြင့် မလျော့နည်းသည့်အပြင် ပို၍တိုးပွားသွားသည်။ အခြားသူအား လက်စားချေနိုင်စွမ်း၊ အစားယူနိုင်စွမ်းရှိလျက်နှင့် ခွင့်လွှတ်လိုက်ခြင်းသည် အင်အားနှင့် ဂုဏ်သိက္ခာကို ပို၍တိုးပွားစေသည်။ အကြင်သူသည် အခြားသူကို ကြောက်ရွံသည့်အတွက်ကြောင့်လည်း မဟုတ်၊ မိမိအား နူးညံ့သိမ့်မွေ့စွာ ဆက်ဆံသည့်အတွက်ကြောင့်လည်းမဟုတ်၊ ၎င်းထံမှ အကျိုးတစ်စုံတစ်ရာ မျှော်ကိုးသည့်အတွက်ကြောင့်လည်းမဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်အတွက်သာ ရိုကျိုးနှိမ့်ချမည်ဆိုပါက အဆင့်အတန်းမြင့်မားခြင်းနှင့် ဂုဏ်သိက္ခာကြီးမြတ်ခြင်းတို့ကို အစားပြန်လည်ရရှိမည်ဖြစ်သည်။