မိခင်မွန်ကြီး အွမ်မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ ) က ဆင့်ပြန်ပြောကြားခဲ့သည်။ သူမသည် အခါတစ်ပါးတွင် တမန်တော်မြတ် (ဆွလလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ မည်သည့်မွတ်စ်လင်မ်မဆို ဘေးဒုက္ခတစ်စုံတစ်ရာ ကြုံတွေ့သောအခါ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ဤဒုအာကို ရွတ်ဆိုပါက– {إِنَّا لِلهِ وَإِنَّا إِلَيْهِ رَاجِعُونَ} (အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပြီး အရှင်မြတ်ထံသို့သာ ပြန်လည်ရောက်ကြရမည်)၊ ‘အလ္လာဟုမ္မာအဂျုရ်နီ (အို-အလ္လာဟ်ရှင် ကျွန်တော်မျိုးအား အကျိုးဆုလာဘ်ချီးမြှင့်တော်မူပါ)၊ တစ်နည်း ဤဘေးဒုက္ခတွင် (ကျွန်တော်မျိုး၏ စွဗရ်သည်းခံမှုအတွက် အကျိုးဆုလာဘ်ကို ကျွန်တော်မျိုးအား ပေးသနားတော်မူပါ)၊ ‘ဝအဝ်ဝိဒ်နီ (ကျွန်တော်မျိုးအား အစားထိုးလဲလှယ်ပေးသနားတော်မူပါ)၊ ‘ဝခ်လွဖ် လီ အန်ဟာ ခိုင်ရမ် မင်န်ဟာ’ (ဤစမ်းသပ်မှုအတွက် ကျွန်တော်မျိုးအား ယင်းထက်သာလွန်သောအရာကို ပေးသနားတော်မူပါ)၊ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ယင်းထက်သာလွန်သောအရာကို ချီးမြှင့်တော်မူမည်။ အွမ္မုစလမဟ်သခင်မက ဆက်လက်ပြောပြခဲ့သည်။ “အဘူစလမဟ် (သခင်မ၏ ခင်ပွန်းဖြစ်သူ) ကွယ်လွန်သောအခါ ကျွန်မက ‘အဘူစလမဟ်ထက်ကောင်း သော မွတ်စ်လင်မ် မည်သူရှိနိုင်ပါသနည်း။ ၎င်းသည် တမန်တော်မြတ် (ဆွလလ္လာဟူအလိုင်ဟိဝစလ္လမ်)ထံသို့ ပထမဆုံး ဟိဂျ်ရသ်ပြုခဲ့သော မိသားစုဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်က ကျွန်မအား ဤဒုအာကို ရွတ်ဆိုရန် ကူညီဆောင်မတော်မူခဲ့သဖြင့် ကျွန်မရွတ်ဆိုလိုက်ရာ အရှင်မြတ်သည် အဘူစလမဟ်ထက် သာလွန်သောအရာကို အစားပေးသနားတော်မူခဲ့ပြီး ယင်းမှာ တမန်တော်မြတ် (ဆွလလ္လာဟုအလိုင်ဟိဝစလ္လမ်)ပင် ဖြစ်တော်မူသည်။