တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က လအ်နသ်ကျိန်ဆဲခြင်းမခံထိုက်သူအား ကျိန်ဆဲခြင်းများစွာ ပြုလုပ်သူသည် ပြစ်ဒဏ်နှစ်မျိုး ခံစားရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ပထမတစ်ခုမှာ - ကိယာမသ်နေ့တွင် ရှေးယခင်အွမ္မသ်သားများထံ ၎င်းတို့၏ ရစူလ်တမန်တော်များက အလ္လာဟ်အရှင်မြတ်၏ သတင်းစကားများကို ပို့ဆောင်ခဲ့ခြင်းကြောင်း သက်သေခံခွင့် ရရှိမည်မဟုတ်ပေ။ ဤလောကတွင်လည်း ဖစ်က်(မတရားပြုမှုကြောင့်) သူ၏သက်သေခံချက်ကို လက်မခံအပ်ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ရှဟီးဒ်ဖြစ်ခြင်း၏ (အသတ်ခံရခြင်း၏) အခွင့်အရေးကိုလည်း ရရှိမည်မဟုတ်ချေ။ ဒုတိယအချက်မှာ - ကိယာမသ်နေ့တွင် အခြားသော မုအ်မင်န်သက်ဝင်ယုံကြည်သူများက ဂျဟန္နမ်ငရဲခံထိုက်သူများဖြစ်ကြသော မိမိတို့၏ မုအ်မင်န် ညီနောင်များအတွက် ရှဖာအသ်ကြားဝင်အသနားခံပေးချိန်တွင် သူသည် ရှဖာအသ်ကြားဝင်အသနားခံပေးခွင့် ရရှိမည်မဟုတ်ပေ။