ဆွဟာဗဟ်သာဝကကြီး အဗ်ဒုလ္လာဟ် ဗင်န် ခုဗိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု) က ပြောပြန်ခဲ့သည်မှာ သူတို့သည် မိုးသည်းထန်စွာရွာပြီး အလွန်မှောင်မိုက်သော ညတစ်ညတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မိမိတို့ကို (ဦးဆောင်၍) ဆွလာသ်ဝတ်ပြုပေးရန်အတွက် ရှာဖွေရန် ထွက်လာခဲ့ကြသည်။ ထို့နောက် သူတို့သည် ကိုယ်တော့်အား တွေ့ရှိခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား "အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူသည်။ သူသည် မည်သည့်အရာကိုမျှ မရွတ်ဖတ်ခဲ့ပေ။ တမန်တော်မြတ်က ထိုစကားကိုပင် ၎င်းအား ထပ်မံ၍ မိန့်တော်မူပြန်သည်။ ထိုအခါ အဗ်ဒုလ္လာဟ် ဗင်န် ခုဗိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု) က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုး အဘယ်အရာကို ရွတ်ဖတ်ရမည်နည်းဟု မေးမြန်းလျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က "ကုလ်ဟွဝလ္လာဟုအဟဒ် (စူရဟ် အိခ်လာစ်) နှင့် အလ်မုအောဝ်ဝိဇသိုင်န် (စူရဟ် ဖလက်နှင့် စူရဟ် နားစ်) တို့ကို နံနက်နှင့် ညနေအချိန်တွင် သုံးကြိမ်စီ ရွတ်ဖတ်လော့။ ဤစူရဟ်များသည် သင့်အား ဘေးအန္တရာယ်အပေါင်းမှ ထိန်းသိမ်းစောင့်ရှောက်ပေးမည်ဖြစ်ပြီး မကောင်းမှုဟူသရွေ့မှ ကာကွယ်ပေးမည်ဟု မိန့်ကြားတော်မူခဲ့သည်။