အွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) အား မွတ်စ်လင်မ်တစ်ဦး လောကီဘဝနှင့် တမလွန်ဘဝ၌ အပြစ်ဒဏ်မှလွတ်မြောက်နိုင်သည့် အကြောင်းရင်းများနှင့် ပတ်သတ်၍ လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က ဤသို့ မိန့်ကြားတော်မူသည် - "အသင် လိုက်နာရမည့် အချက်သုံးချက်ရှိသည်။ ပထမအချက်- သင်၏ နှုတ်လျှာကို မည်သည့် ကောင်းကျိုးမှမရှိသောအရာမှသော်လည်းကောင်း၊ မကောင်းသော စကားရပ်အားလုံးမှ သော်လည်း ကောင်း ထိန်းသိမ်းလော့။ ကောင်းမြတ်သောစကားမှလွဲ၍ မပြောဆိုနှင့်။ ဒုတိယအချက်- အသင်သည် တစ်ကိုယ်တည်းရှိချိန်များ၌ အလ္လာဟ်အရှင်မြတ်အား အိဗာဒသ်ပြုလုပ်ရန်အတွက် မိမိ၏အိမ်၌ နေထိုင်ပါ။ အရှင်မြတ်၏ အမိန့်နာခံမှုဖြင့် လုံးပမ်းနေပါ။ သင်၏အိမ်တွင် နေထိုင်ပြီး ဖိသ်နဟ်စမ်းသပ်မှုများမှ ခွဲခွာနေပါ။ တတိယအချက်- သင်ကျူးလွန်မိခဲ့သော အပြစ်များအတွက် ငိုကြွေး၍ နောင်တရပြီး သောင်ဗဟ်အမှားဝန်ခံပါ။