တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဦးလေးဖြစ်သူ အဗ္ဗာစ် ဘင်န် အဗ္ဗဒွလ်မွသ်သွလိဗ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ အလ္လာဟ်အရှင်မြတ်ထံ တောင်းခံနိုင်သည့် ဒုအာတစ်ပုဒ်ကို သင်ကြားပေးရန် တောင်းဆိုခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အား အလ္လာဟ်အရှင်မြတ်ထံ ဒီန်သာသနာ၊ လောကီဘဝနှင့် အာခိရသ်နောင်တမလွန်ဘဝတို့တွင် ဘေးဒုက္ခများနှင့် ချို့ယွင်းချက်များမှ လွတ်ကင်းပြီး (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာမှုကိုရရန် တောင်းခံပါ"ဟု မိန့်ကြားတော်မူခဲ့သည်။ အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ဆက်လက်ပြောကြားသည်မှာ- ရက်ပေါင်းများစွာ ကြာပြီးနောက် ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပြန်လာကာ အလ္လာဟ်အရှင်မြတ်ထံ တောင်းခံနိုင်သည့် (နောက်ထပ်) ဒုအာတစ်ပုဒ်ကို သင်ကြားပေးရန် တောင်းဆို၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သူ့အားနူးညံ့ပျော့ပြောင်းပြီး နှစ်လိုဖွယ်ရာအသံဖြင့် "အို- အဗ္ဗာစ်၊ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ရဲ့ ဦးလေး၊ လောကီဘဝနှင့် အာခိရသ်နောင်တမလွန်ဘဝတို့တွင် အမျိုးမျိုးသော ဘေးအန္တရာယ်များကို ကာကွယ်တားဆီးရန်နှင့် အမျိုးမျိုးသော ကောင်းခြင်းများနှင့် အကျိုး ကျေးဇူးများကို ရရှိရန် အလ္လာဟ်အရှင်မြတ်ထံ (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာမှုကို တောင်းခံပါ"ဟု မိန့်ကြားတော်မူခဲ့သည်။