တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်း မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ဖြစ်သော အရှင်မြတ်ထံ ပြန်လှည့်ရမည့်နေ့၊ လုပ်ရပ်များကို အစားပြန်လည်ပေးမည့်နေ့ကို အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တိုင်းအား သူ၏အီမာန်သက်ဝင်ယုံကြည်မှုက အောက်ပါလုပ်ရပ်များကို ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်မည်ဖြစ်သည်။ ၎င်းတို့မှာ- (၁) ကောင်းသည့်စကားကိုသာ ပြောဆိုခြင်း။ ယင်း၌ ‘سُبْحَانَ الّٰله’ ဖတ်ခြင်း၊ ‘لَا إِلٰهَ إِلَّا الّٰله ’ ဖတ်ခြင်း၊ ကောင်းရာညွှန်ကြားခြင်း၊ မကောင်းမှုမှ တားမြစ်ခြင်း၊ လူတို့ကြား၌ သင့်မြတ်အောင် ဆောင်ရွက်ပေးခြင်း စသည်တို့ပါဝင်သည်။ အကယ်၍ ထိုသို့ မလုပ်နိုင်ပါက ဆိတ်ဆိတ်နေရမည်။ လူတို့အား ဒုက္ခမပေးဘဲ နှုတ်လျှာကို ထိန်းသိမ်းရမည်။ (၂) အိမ်နီးချင်းအား ဂုဏ်ပေးခြင်း။ ၎င်းတို့အား ကောင်းကျိုးပြုခြင်း၊ ဒုက္ခမပေးခြင်း။ (၃) မိမိအား လာရောက်တွေ့ဆုံသည့် ဧည့်သည်အား ဂုဏ်ပေးလေးစားခြင်း။ ၎င်းတို့အား ကောင်းမွန်ချိုသာစွာစကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်း စသည်တို့ဖြစ်သည်။