တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မုအ်မင်န် ယုံကြည်သူသည် အခြေအနေတိုင်းတွင် သာလွန်ကောင်းမွန်သူဖြစ်သည်။ သို့ရာတွင် အီမာန်ယုံကြည်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ ဥစ္စာဓနနှင့် အခြားအရည်အချင်းများတွင် အားကောင်းသော မုအ်မင်န်သည် အားနည်းသော မုအ်မင်န်ထက် သာလွန်ကောင်းမွန်ပြီး အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပိုမိုချစ်မြတ်နိုးခြင်းခံရသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်န်အား ဒွန္နယာ၊ အာခိရသ် နှစ်ဘဝစလုံးတွင် အကျိုးဖြစ်စေမည့်ကိစ္စရပ်များတွင် အကြောင်းခံများကို ကိုင်တွယ်ဆောင်ရွက်ရန် သွန်သင်ဆုံးမတော်မူခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အလ္လာဟ်အရှင်မြတ်အား အားကိုးပြီး အရှင်မြတ်၏ အကူအညီကို တောင်းခံကာ အရှင်မြတ်အပေါ် ယုံကြည်အားထားရမည် ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နှစ်ဘဝအတွက် အကျိုးရှိသောအရာများကို ပြုလုပ်ရန် အားနည်းခြင်း၊ ပျင်းရိခြင်းနှင့် လေးလံထိုင်းမှိုင်းခြင်းတို့မှ တားမြစ်တော်မူခဲ့သည်။ သို့ဖြစ်၍ မုအ်မင်န်သည် အလုပ်လုပ်ရာတွင် ကြိုးစားအားထုတ်ပြီး အကြောင်းခံများကို ကိုင်တွယ်ကာ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကူအညီနှင့် ကောင်းခြင်းများကို တောင်းခံရမည်။ ထို့နောက် မိမိ၏ ကိစ္စအဝဝကို အလ္လာဟ်အရှင်မြတ်ထံ လွှဲအပ်ကာ အလ္လာဟ်အရှင်မြတ်၏ ရွေးချယ်မှုသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း သိနားလည်ထားရမည်။ ထိုသို့ပြုလုပ်ပြီးနောက် သူ့အပေါ် ဘေးဒုက္ခတစ်စုံတစ်ရာ ဆိုက်ရောက်လာပါက - “အကယ်၍ ငါသာ ဒီလိုလုပ်ခဲ့ရင် ဒီလို ဒီလို ဖြစ်ခဲ့မည်” ဟု မပြောဆိုရပေ။ အဘယ့်ကြောင့်ဆိုသော် “အကယ်၍”ဟူသောစကားလုံးသည် သက္ကဒီရ်အား စောဒကတက်ခြင်း၊ လွန်ခဲ့သောအရာများအတွက် ဝမ်းနည်းခြင်းတို့ကို ဖြစ်စေသော ရှိုင်သွာန်၏ လုပ်ရပ်ကို ဖွင့်ပေးသောကြောင့် ဖြစ်သည်။ ထိုအစား ၎င်းအနေဖြင့် အရှင်မြတ်၏ စီမံချက်အား လက်ခံပြီး ကျေနပ်နှစ်သက်စွာဖြင့် "အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်စီမံချက်ဖြစ်ပါသည်၊ အရှင်မြတ် အလိုရှိတော်မူသည်ကိုသာ ပြုတော်မူပါသည်" ဟု ပြောဆိုရမည်။ သို့ဖြစ်၍ ဖြစ်ခဲ့သမျှ အရာတိုင်းသည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်အတိုင်းသာ ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဧကန်အမှန်ပင် အရှင်မြတ်သည် အလိုရှိသည့်အရာကို ပြုလုပ်တော်မူသောအရှင် ဖြစ်တော်မူပြီး အရှင်မြတ်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်သူ၊ အရှင်မြတ်၏ စီရင်ချက်ကို ပြောင်းလဲနိုင်သူဟူ၍ မရှိပေ။