ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တိုင်တန်းခဲ့သည်မှာ - ၎င်း၌ ဆွေမျိုးအရင်းအချာများရှိပြီး ၎င်းသည် သူတို့နှင့် ကောင်းမွန်စွာ ဆက်ဆံသော်လည်း သူတို့ကမူ ဆန့်ကျင်ဘက် ဆက်ဆံသည်။ ၎င်းသည် သူတို့နှင့် ဆွေမျိုးဆက်သော်လည်း သူတို့ကမူ ဆက်ဆံမှုဖြတ်တောက်သည်။ ၎င်းသည် သူတို့အား သစ္စာရှိစွာ ကောင်းမွန်စွာဆက်ဆံသော်လည်း သူတို့ကမူ မတရားမှုနှင့် ကြမ်းတမ်းစွာ ဆက်ဆံသည်။ ၎င်းသည် သူတို့အား သည်းခံခွင့်လွှတ်သော်လည်း သူတို့ကမူ ဆိုးယုတ်သော စကားနှင့် အပြုအမူဖြင့် မိုက်မဲစွာဆက်ဆံသည်။ ထိုသို့ဖြစ်နေပါလျှက် ဆက်လက်၍ ဆွေမျိုးအဆက်အသွယ်ထားသင့်ပါသလား။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အား ဤသို့မိန့်ကြားတော်မူသည်။ “သင်တင်ပြသည့်အတိုင်း ဟုတ်မှန်ပါက သင်သည် သူတို့အား အရှက်ရစေပြီး ၎င်းတို့အား မိမိတို့၏အမြင်တွင် သေးသိမ်စေလိုက်ခြင်း ဖြစ်သည်။ စင်စစ် သင်သည် သူတို့အား ပြာပူကျွေးနေသကဲ့သို့ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သင်၏ ကျေးဇူးပြုမှု များပြားခြင်းနှင့် ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကြောင့်ဖြစ်သည်။ စင်စစ် သင်သည် သင်ဖော်ပြခဲ့သောကောင်းမှုအား သူတို့အပေါ်ပြုနေသရွေ့၊ ၎င်းတို့ကလည်း သင်အား မကောင်းမှုပြုနေသရွေ့၊ အလ္လာဟ်အရှင်မြတ်ထံမှ ၎င်းတို့အပေါ် သင့်အားကူညီသူတစ်ဦးသည် သင်နှင့်အတူ အမြဲရှိနေပေမည်။ ထို့ပြင် သင့်အား ၎င်းတို့၏ နှောင့်ယှက်မှုမှ ကာကွယ်ပေးနေပေမည်။