တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အရေးကိစ္စများနှင့် ပတ်သက်၍ ယေဘုယျစည်းမျဉ်းတစ်ခုကို ရှင်းပြတော်မူခဲ့သည်။ ဧကန်အမှန်ပင် ရှရီအဟ်တရားဥပဒေ၌ အမျိုးအစား သုံးမျိုးပါရှိသည်။ ၎င်းတို့မှာ- ၁။ ရှင်းလင်းထင်ရှားသည့် (ဟလာလ်) ခွင့်ပြုထားသောအရာများ' ၂။ ရှင်းလင်းထင်ရှားသည့်(ဟရာမ်) တားမြစ်ထားသော အရာများ' ၃။ ဟလာလ်၊ ဟရာမ်နှင့်ပတ်သက်၍ ရှင်းလင်းထင်ရှားသည့် အမိန့်တစ်စုံတစ်ရာ မသိရသော သံသယဖြစ်ဖွယ်ကိစ္စရပ်များဖြစ်ပြီး ၎င်းနှင့်ပတ်သက်သည့် အမိန့်ပညတ်ချက်ကို လူအများစုက မသိနားမလည်ကြပေ။ ထိုသံသယဖြစ်ဖွယ်ရာများကို စွန့်လွှတ်လိုက်သူသည် ဟရာမ် ထဲသို့ကျရောက်ခြင်းမှ ကင်းဝေးကာ မိမိသာသနာနှင့်ပတ်သက်၍ ငြိမ်းချမ်းမှုရရှိသွားမည်ဖြစ်သည်။ ထိုသံသယဖြစ်ဖွယ်ကိစ္စကို ကျူးလွန်မိသည့်အတွက် လူများ၏ ပြစ်တင်ပြောဆိုခြင်းမှလည်း မိမိ၏သိက္ခာကို ထိန်းသိမ်းရာ ရောက်ပေသည်။ သံသယဖြစ်ဖွယ်ရာများကို မရှောင်ကြဥ်သူသည် မိမိကိုယ်မိမိ ဟရာမ်ထဲသို့ကျရောက်အောင် သို့မဟုတ် မိမိ၏သိက္ခာကို အခြားသူများက ထိပါးစော်ကားအောင် လုပ်လိုက်ခြင်းပင်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သံသယဖြစ်ဖွယ်ရာများကို ကျူးလွန်သူ၏ အခြေအနေကို မြေပိုင်ရှင်က တားမြစ်ထားသော နယ်မြေအနီး၌ မိမိ၏ ကုလားအုတ် သို့မဟုတ် သိုး၊ ဆိတ်တို့ကို ကျောင်းသည့် ဆိတ်ကျောင်းသားနှင့်တူသည်ဟု ပမာပေးထားတော်မူသည်။ သို့ဖြစ်၍ ထိုဆိတ်ကျောင်းသား၏ တိရစ္ဆာန်များသည် ၎င်းတားမြစ်ထားသော နယ်မြေနှင့် နီးကပ်နေသောကြောင့် ထိုနယ်မြေထဲသို့ ရောက်လုနီးပါးဖြစ်သွားသည်။ ဤနည်းအတိုင်းပင် သံသယဖြစ်ဖွယ်ရာများကို ကျူးလွန်သူသည် ထိုသို့ကျူးလွန်လိုက်သည့်အတွက် ထင်ရှားသော ဟရာမ်နှင့် နီးကပ်သွားပြီး ၎င်းသို့ ကျရောက်လုနီးပါး ဖြစ်သွားပေသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ခန္ဓာကိုယ်ထဲတွင် အသားတုံးတစ်တုံး(နှလုံးသား) ရှိပြီး ၎င်းမှန်ကန်နေသ၍ ခန္ဓာကိုယ်လည်း မှန်ကန်ကောင်းမွန်နေမည်ဖြစ်သည်။ ၎င်းပျက်စီးသွားပါက ခန္ဓာကိုယ်လည်း ပျက်စီးသွားမည်ဖြစ်သည်။