တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကွယ်လွန်ခါနီးအချိန်၌ မိမိ၏အွမ္မသ်သားများအား အများဆုံး မှာတမ်းခဲ့သည့်ဆုံးမစကားမှာ “ဆွလာသ်ကို စွဲစွဲမြဲမြဲဝတ်ပြုကြလော့။ ၎င်းအား ထိန်းသိမ်းစောင့်ရှောက်ကြလော့။ ၎င်းမှ သတိလစ်ဟင်းမနေကြနေလင့်။ ထို့အတူ မိမိတို့၏ လက်အောက်ရှိ ကျေးကျွန်များနှင့် ကျွန်မများ၏ အခွင့်အရေးများကို ပေးဆပ်ကြလော့။ သူတို့အား ကောင်းမွန်စွာ ဆက်ဆံကြလော့" ဟု မိန့်တော်မူခဲ့ခြင်းဖြစ်၏။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤစကားကို ထပ်ခါတလဲလဲ မိန့်တော်မူခဲ့ရာ နောက်ဆုံးလည်ပင်းတွင် ထိုစကားတော်များမှာ (စကားထွက်ရန် ခက်ခဲကာ) တစ်နေပြီး ၎င်းကို နှုတ်လျှာဖြင့်ထုတ်ဖော်ပြောဆိုရန် ခဲယဉ်းလုနီးပါးဖြစ်ခဲ့ရသည်။