အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် ( ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ပြခဲ့သည်မှာ ၎င်းတို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ခရီးတစ်ခုတွင် ရှိနေခဲ့ကြစဥ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သဘာဝလိုအပ်ချက်ကို ဆောင်ရွက်ရန် ခေတ္တထွက်ခွါသွားခဲ့သည်။ ထိုအခါ ကိုယ်တော်၏ တပည့်သာဝကများက ငှက်မတစ်ကောင်နှင့် သူ၏ငှက်သားပေါက်ကလေးနှစ်ကောင်ကို တွေ့ခဲ့ကြသည်။ ထို့နောက် သူတို့သည် ငှက်သားပေါက်ကလေးငှက်နှစ်ကောင်ကို ယူဆောင်ခဲ့ကြသည်။ ထိုအခါ ထိုငှက်မသည် သူ၏ကလေးများဆုံးရှုံးရသည့်အတွက် ကြောက်ရွံ့ပြီး စိုးရိမ်သောကရောက်ကာ အတောင်များကို ဖြန့်လျက် ပျံဝဲနေခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ပြန်ရောက်ရှိလာသောအခါ မည်သူက ဤငှက်မကို ၎င်း၏ကလေးများကို ယူဆောင်ခဲ့ခြင်းဖြင့် ဝမ်းနည်းသောကရောက်စေပြီး ထိတ်လန့်စေခဲ့သနည်း။”ဟု မိန့်ကြားတော်မူသည်- ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ငှက်ကလေးများကို မိခင်ငှက်မထံ ပြန်ပေးအပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မီးရှို့ဖျက်ဆီးခံထားရသော ပုရွက်ဆိတ်အုံတစ်ခုကို မြင်တွေ့ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “ဤပုရွက်ဆိတ်အုံကို မည်သူ မီးရှို့ခဲ့သနည်း” ဟု မေးမြန်းတော်မူခဲ့သည်။ ဆွဟာဗဟ်အချို့က “ကျွန်တော်မျိုးတို့ပါ” ဟု ဖြေကြားခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းတို့အား မိန့်ကြားတော်မူသည်- “အမှန်စင်စစ်၊ သက်ရှိသတ္တဝါကို မီးဖြင့် ပြစ်ဒဏ်ပေးခြင်းသည် ထိုမီးကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ မပိုင်ပေ။