ဟုဇိုင်ဖဟ်ဗင်န် ယမာန်(ရဿွိယလ္လာဟုအန်ဟုမာ)က ပြောပြသည်မှာ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေခဲ့ပြီး ကိုယ်တော်သည် အပေါ့သွားချင်လာသည့်အခါ မျိုးနွယ်စုတစ်ခု၏ အမှိုက်စွန့်ပစ်သည့်နေရာသို့ သွားခဲ့သည်။ ထိုနေရာသည် အမှိုက်များနှင့် အိမ်များမှ လှည်းကျင်းထားသည့် သဲများ စွန့်ပစ်ထားသည့် နေရာဖြစ်သည်။ ကိုယ်တော်သည် ထိုင်၍သာ အပေါ့သွားလေ့ရှိသော်လည်း (ထိုနေရာတွင်) ရပ်လျက်အပေါ့သွားတော်မူသည်။ ဟုဇိုင်ဖဟ်သည် ကိုယ်တာ်နှင့် ခပ်လှမ်းလှမ်းသို့ ထွက်သွားခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ့အား အနားသို့လာရန် မိန့်ကြားသောကြောင့် ဟုဇိုင်ဖဟ်သည် အနားသို့တိုးသွားပြီး ထိုအခြေနေမျိုးတွင် ကိုယ်တော့်အား အခြားသူများမမြင်နိုင်အောင် ကိုယ်တော်၏ အနောက်ဖက် ခြေထောက်နားတွင် ရပ်နေခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုတော်မူပြီး ခြေနှစ်ဖက်ကို ဆေးကြောရမည့်အချိန်တွင် ကိုယ်တော်သည် ခွဖ်ဖိုင်းန် (သားရေအပါး သို့မဟုတ် အလားတူအရာဖြင့် ပြုလုပ်ထားပြီး ခြေမျက်စိနှစ်ဖက်ကိုပါ ဖုံးအုပ်ပေးသော ခြေထောက်တွင်ဝတ်ဆင်သည့် ခြေအိတ်) နှစ်ဖက်အား မချွတ်ဘဲ ထိုပေါ်တွင် မစဟ်ပြုတော်မူသည်။