တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူသည်မှာ အကြင်သူသည် ဝုဿူကို ဝုဿူ၏ရုကွန်အချက်များ၊ စွန္နသ်အချက်များ၊ အာဒါဗ်အချက်များကို ကောင်းမွန်ပြည့်စုံအောင်ပြုလုပ်ပြီးနောက် ခွသ်ဗဟ်မိန့်ခွန်းပြောကြားသူ၏မိန့်ခွန်းကို ဂရုစိုက်၍ငြိမ်သက်စွာနားထောင်ကာ အမှားအယွင်းကျူးလွန်ခြင်းလည်းမရှိလျှင် အရှင်မြတ်သည် သူ့အား သူဆယ်ရက်အတွင်းကျူးလွန်သည့် အကုသိုလ်အသေးများကို ခွင့်လွှတ်ပေးမည်ဖြစ်သည်။ ယင်းဆယ်ရက်မှာ ဤဂျုမုအဟ်မှ နောက်ဂျုမုအဟ်ထိ ၇ရက်နှင့် အပိုသုံးရက်တို့ဖြစ်သည်။ ကောင်းမှုတစ်ခုသည် ဆယ်ဆတိုးပွါးသွားသည် ဟူသောအချက်ကိုထောက်ရှု၍သူဆယ်ရက်အတွင်းကျူးလွန်မိသော အကုသိုလ်များခွင့်လွှတ်ပေးမည်ဟုဆိုထားခြင်းဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ခွသ်ဗဟ်၌ဟောကြားနေသော တရားတော်များကို အာရုံမစိုက်ဘဲနေခြင်း၊ ကျောက်စရစ်ခဲများဖြင့်ဆော့ကစားခြင်းကဲ့သို့သော ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့်အလဟဿကိစ္စများကို လုပ်ဆောင်ခြင်း၊ အခြားတစ်စုံတစ်ရာကိုလုပ်ဆောင်နေခြင်း၊ စသည့်အချည်းနှီးကိစ္စများကို ကျူးလွန်ခြင်းမှတားမြစ်ထားသည်။ အကြောင်းမှာ ခွသ်ဗဟ်အချိန်၌အလ ဟဿကိစ္စများကို ပြုလုပ်ခြင်းသည် အမှားကျူးလွန်ခြင်းပင်ဖြစ်သည်။ အမှားအယွင်းတစ်စုံတစ်ရာကို ကျူးလွန်ခြင်းဖြင့် ဂျုမုအဟ်ဆွလာသ်၏ကု သိုလ်ကိုအပြည့်အဝရရှိတော့မည်မဟုတ်ပေ။