တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - မိမိ၏ အီမာန်ယုံကြည်မှုတွင် အစစ်အမှန်ယုံကြည်သူ၊ မိမိ၏စိတ်နှလုံးသည် ထိုအီမာန် ယုံကြည်မှုနှင့်ပင် နှစ်သိမ့် ကျေနပ်နေသူသည် အောက်ပါအချက်သုံးချက်ကို ကျေနပ်လက်ခံပါက သူ၏စိတ်နှလုံးထဲတွင် စိတ်ရှင်းလင်းကျယ်ပြန့်ခြင်း၊ ပျော်ရွှင်ခြင်း၊ ချိုမြိန်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်ရသည့် အရသာကို ခံစားရလိမ့်မည်။ ၎င်းတို့မှာ- ပထမအချက် - အလ္လာဟ်အရှင်မြတ်အား မိမိ၏ အရှင်သခင်အဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- အရှင်မြတ်၏ ဖန်ဆင်းရှင်အရှင်သခင် အဖြစ်နှင့်ဆိုင်သော ဆန္ဒအရ ချမှတ်ပေးအပ်သည့် ရိက္ခာ၊ အခြေအနေအရပ်ရပ်တို့နှင့်ပတ်သတ်၍ ၎င်း၏ စိတ်နှလုံးသားသည် ကျေနပ် လက်ခံခြင်း၊ ဤကိစ္စနှင့်စပ်လျဉ်း၍ စိတ်နှလုံးသားထဲတွင် မကျေနပ်မှု သို့မဟုတ် ကန့်ကွက်စရာ တစ်စုံတစ်ရာမျှမရှိခြင်းနှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာကို အရှင်သခင်အဖြစ် ပြုလုပ်ရန် ရှာဖွေခဲ့ခြင်းမရှိခြင်းတို့ ဖြစ်သည်။ ဒုတိယအချက် - အစ္စလာမ်ကို သာသနာအဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- အစ္စလာမ်သာသနာတွင် ရှိသည့် ပညတ်ချက်များနှင့် တာဝန်ဝတ္တရားများနှင့်ပတ်သတ်၍ သူ၏စိတ်နှလုံးသားသည် ဝမ်းမြောက်ဝမ်းသာစွာ လက်ခံကျင့်သုံးခြင်းနှင့် အစ္စလာမ်မှအပ အခြားလမ်းစဉ်ကို ရှာဖွေခြင်း မပြုခြင်းတို့ ဖြစ်သည်။ တတိယအချက် - တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ယူဆောင်လာသမျှအားလုံးကို သံသယ သို့မဟုတ် ဇဝေဇဝါမဖြစ်ဘဲ သူ၏စိတ်နှလုံးသားသည် ကျေနပ်ဝမ်းမြောက်စွာ လက်ခံသည်။ ထို့ပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ လမ်းညွှန်မှုနှင့် ကိုက်ညီသည်နည်းလမ်းမှလွဲ၍ အခြားသောနည်းလမ်းကို လိုက်နာကျင့်သုံးခြင်း မရှိပေ။