အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်။ သူသည် ငယ်ရွယ်စဥ်အခါက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ အစီးအနင်းတစ်ခုပေါ်တွင် လိုက်ပါစီးနင်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ငါကိုယ်တော်သည် သင့်အား အချို့သောအရေးကိစ္စများ၊ အကြောင်းအရာများကို သင်ကြားပေးမည်။ ၎င်းတို့ကို အကြောင်း ပြု၍ အလ္လာဟ်အရှင်မြတ်က သင့်ကိုအကျိုး ဖြစ်ထွန်းစေလိမ့်မည်။ သင်သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလိုက်နာပြီး တားမြစ်ချက်များကိုရှောင်ကြဉ်ကာ ထိန်းသိမ်းပါ။ သို့မှသာ အလ္လာဟ်အရှင်မြတ်က သင့်အား အမိန့်နာခံမှုနှင့် အရှင်မြတ်နှင့်နီးကပ်စေသော ကောင်းမှုများ၌ရှိနေကြောင်း တွေ့ရှိရပြီး အမိန့်မနာခံမှုနှင့် ပြစ်မှုဒုစရိုက်များတွင် မတွေ့ရှိရမည်ဖြစ်သည်။ သင်ထိုသို့ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်က သင့်အား ဤလောကနှင့် နောင်တမလွန်ဘဝ၏ အန္တရာယ်များမှ ထိန်းသိမ်းစောင့်ရှောက်ပေးပြီး သင်သွားလေရာ၌ သင့်၏အရေးကိစ္စများကို ကူညီစောင့်ရှောက်တော်မူမည် ဖြစ်သည်။ အသင် တစ်စုံ တစ်ရာကို တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကသာ တောင်းခံသူများ၏ တောင်းဆုကို ဖြည့်ဆည်းပေးတော်မူသော အရှင်ဖြစ်သည်။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။ အကယ်၍ ကမ္ဘာပေါ်ရှိ လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့် အကျိုးကိုမျှ ပြုနိုင်မည် မဟုတ်ကြောင်းနှင့် လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှပေးနိုင်မည် မဟုတ်ကြောင်း သင့်၌ခိုင်မာသည့် ယုံကြည်ချက်ရှိရမည်။ ဤအရေးကိစ္စအားလုံးကို အလ္လာဟ်အရှင်မြတ်က မိမိ၏အသိပညာ၊ အမြော်အမြင်နှင့်အညီ သက္ကဒီရ်ရေးစွဲသတ်မှတ်ထားပြီးဖြစ်သည်။ အရှင်မြတ် ရေးသားထား မှတ်တမ်းတင်ထားသောအရာများကို မည်သည့်အရာကမျှ ပြုပြင်ပြောင်းလွဲစေနိုင်မည်မဟုတ်ပေ။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းနှင့် တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြင့် အရှင်မြတ်အား စောင့်ထိန်းပါက၊ အလ္လာဟ်အရှင်မြတ်သည် ထိုဗန္ဒဟ် ကျေးကျွန်၏ ရှေ့မှောက်တွင် ရှိတော်မူပြီး သူ၏အခြေအနေကို အကြွင်းမဲ့သိရှိတော်မူကာ ၎င်းအား ကူညီအားပေးတော်မူမည်ဖြစ်သည်။ လူသားသည် ချောင်လည်သည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်ကိုနာခံပါက၊ ၎င်းအား အရှင်မြတ်သည် ခက်ခဲဒုက္ခရောက်သည့်အချိန်တွင် လွတ်မြောက်ရာလမ်းနှင့် ဖြေရှင်းနည်းကို ပြုလုပ်ပေးတော်မူမည်ဖြစ်သည်။ သို့ရှိရာ ဗန္ဒဟ်ကျေးကျွန်တိုင်းသည် အလ္လာဟ်အရှင်မြတ် စီမံတော်မူထားသော ကောင်းကျိုး၊ ဆိုးကျိုးအားလုံးကို ကျေနပ်လက်ခံသင့်သည်။ ခက်ခဲမှုဒုက္ခများနှင့် ကြုံတွေ့ရသည့်အခါ ဗန္ဒဟ်ကျေးကျွန်သည် စွဗရ်သည်းခံမှုတရားကို စွဲကိုင်ထားရမည်။ အကြောင်းမှာ သည်းခံမှုသည် လွတ်မြောက်ခြင်း၏ သော့ချက်ဖြစ်သည်။ ဧကန်စင်စစ် ဒုက္ခပြင်းထန်လာသည့်အခါ အလ္လာဟ်အရှင်မြတ်ထံမှ လွတ်မြောက်ခြင်းသည် ရောက်ရှိလာမည်ဖြစ်ပြီး၊ ခက်ခဲမှုဖြစ်ပေါ်လာပါက အလ္လာဟ်အရှင်မြတ်သည် ယင်း၏နောက်တွင် လွယ်ကူမှုကို ဖြစ်ပေါ်စေတော်မူမည်ဖြစ်သည်။