အမီရွလ်မုအ်မိနီးန် အွတ်စ်မားန်ဗင်န်အတ်ဖ်ဖားန် (ရဿွိယလ္လာဟုအန်ဟု) သည် ကဗရ်သင်္ချိုင်းတစ်ခုအနီး၌ ရပ်သည့်အခါ မိမိ၏မုတ် ဆိတ်မွေးများသည်မျက်ရည်များဖြင့် စိုရွှဲသွားသည်အထိ ငိုကြွေးလေ့ရှိသည်။ထိုအခါ သူ့အား “အသင်သည် ဂျန္နသ်နှင့် ဂျဟန္နမ်ငရဲကို တင်ပြခြင်းခံရလျှင် ဂျန္နသ်ကို အောက် မေ့တမ်းတစိတ်ဖြင့်လည်းကောင်း၊ ဂျဟန္နမ်ငရဲကို ကြောက်ရွံ့သောစိတ်ဖြင့်လည်း ကောင်း(ထိုမျှ) မငိုဘဲ ဤကဗရ်သင်္ချိုင်း(ကိုမြင်ရင်) ငိုရခြင်းမှာ အဘယ့်ကြောင့်နည်း” ဟု မေးခြင်းခံရလေသည်။ ထိုအခါ ၎င်းက “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ‘ကဗရ်သင်္ချိုင်းသည် အာခိရသ်နောင်တမလွန်၏ ပထမဆုံးသော စခန်းနေရာဖြစ်၏။ အကယ်၍ လူတစ်ဦးသည် ၎င်း(ကဗရ်)မှ လွတ်မြောက်ခဲ့လျှင် ၎င်းနောက် တွင်ရှိသောစခန်းများသည် ၎င်းထက် ပိုမိုလွယ်ကူ၏။ အကယ်၍ ၎င်း၏ အဇားဗ်ပြစ်ဒဏ်မှ မလွတ်မြောက်ခဲ့လျှင် ၎င်းနောက် တွင်ရှိသော ပြစ် ဒဏ်သည် ၎င်းထက် ပိုမိုပြင်းထန်သည်’ ဟု မိန့်ကြားထားတော်မူ ကြောင်း ဖြေကြားခဲ့သည်။