တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- မွတ်စ်လင်မ်တစ်ဦးသည် အလ္လာဟ်အရှင်မြတ်ထံ ဒုအာဆုတောင်းပြီး အပြစ်အကုသိုလ်မဟုတ်သည့်အရာတစ်ခုကို တောင်းခံလျှင် ဥပမာ- အပြစ်အကုသိုလ်နှင့် မတရားမှုကို လွယ်ကူစေရန် ဒုအာဆုတောင်းခြင်းမျိုး၊ သို့မဟုတ် ဆွေမျိုးတော်စပ်မှုကို ဖြတ်တောက်ရန် ဆုတောင်းခြင်း၊ ဥပမာ- မိမိ၏ သားသမီးများနှင့် ဆွေမျိုးသားချင်းများကို ကျိန်ဆဲခြင်းမျိုး မပြုဘဲ ဒုအာဆုတောင်းလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ ဒုအာဆုတောင်းခြင်းကြောင့် အောက်ပါသုံးမျိုးအနက် တစ်မျိုးမျိုးကို ပေးသနားတော်မူမည်ဖြစ်သည်။ ၁။ ထိုသူ၏ တောင်းဆုဒုအာကို ဤလောက၌ပင် ချက်ချင်း လက်ခံတော်မူပြီး၊ ထိုသူအား သူတောင်းခဲ့သည့်အရာကို ပေးသနားတော်မူခြင်း။ ၂။ အလ္လာဟ်အရှင်မြတ်သည် ထိုတောင်းဆုဒုအာကို ၎င်းအဖို့ ကိယာမသ်နေ့၌ အဆင့်အတန်းမြှင့်မားစေခြင်း သို့မဟုတ် ကရုဏာတော်နှင့် အပြစ်များမှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးသနားတော်မူခြင်း စသည့် အကျိုးဆုလာဘ်များကို ရရှိရန်အတွက် နောက်ဆိုင်းထားတော်မူပေမည်။ ၃။ ထိုတောင်းဆုဒုအာနှင့်ညီမျှသော မကောင်းမှုဒုက္ခကို ဤလောက၌ပင် ထိုသူ့ထံမှ ဖယ်ရှားပေးသနားတော်မူခြင်း။ ထိုအခါ ဆွဟာဗဟ်သာဝကများက သို့ဖြစ်လျှင် ကျွန်တော်မျိုးတို့သည် ဤကျေးဇူးတော်များအနက်မှ တစ်ခုခုကို ရရှိရန်အတွက် ဒုအာဆုတောင်းခြင်းကို များစွာပြုလုပ်ကြပါမည်ဟု လျှောက် ထားကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- အလ္လာဟ်အရှင်မြတ်ထံတော်၌ ရှိတော်မူသောအရာသည် သင်တို့တောင်းခံနေသည့်အရာထက် ပိုမိုများပြားပြီး ကြီးကျယ်လှပေသည်။ ဧကန်စင်စစ် အရှင်မြတ်၏ ပေးသနားတော်မူခြင်းသည် ကုန်ဆုံးခြင်းမရှိသည့်အပြင် အဆုံးသတ်လည်းမရှိပေ။