တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဒုအာဆုတောင်းရာတွင် လက်နှစ်ဖက်ကို မြှောက်၍ တောင်းရန် တိုက်တွန်းတော်မူခဲ့သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်သည် (حَيي) - အလွန်ရှက်ရွံ့တော်မူသောအရှင်၊ ချီးမြှင့်ပေးကမ်းခြင်းကို စွန့်လွှတ်ထားခြင်း မရှိသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်သည် မိမိ၏ကျေးကျွန် နှစ်သက်ပျော်ရွှင်စေမည့်အရာများကိုသာ ပြုတော်မူပြီး၊ ထိုကျေးကျွန်အား နစ်နာစေမည့်အရာကို ပြုလုပ်တော်မမူပေ။ (كريم) ဟူသော် ဂုဏ်တော်နှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်ပြီး၊ မတောင်းလျှင်ပင် ပေးသနားတော်မူသောအရှင်ဖြစ်လျှင် တောင်းခံပါက မည်သို့အခြေအနေရှိမည်ကို စဉ်းစားကြည့်ပါလေ။ အရှင်မြတ်သည် မိမိ၏ မုအ်မင်န်ကျေးကျွန်က လက်နှစ်ဖက်ကို မြှောက်ပြီးနောက် ဒုအာဆုတောင်းလျှင်၊ ထိုလက်နှစ်ဖက်ကို ဆုတောင်းပြည့်ခြင်း မရှိဘဲ၊ လက်ဗလာဖြင့်လည်းကောင်း ပြန်လည်လွှတ်လိုက်ခြင်းကို ရှက်တော်မူသည်။