တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - စင်မှန်သည့် ဘဝရှင်သန်မှုဟူသည် အာခိရသ်နောင်တမလွန်ဘဝတွင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု၊ ကရုဏာတော်နှင့် ဂျန္နသ်သုခဘုံတွင် နေရသော ရှင်သန်မှုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လောကီ၏ ရှင်သန်မှုသည် ခဏတာမျှသာဖြစ်ကာ ပျက်စီးချုပ်ငြိမ်းသွားမည်ဖြစ်ပြီး အာခိရသ်၏ ရှင်သန်မှုသည်သာလျှင် ထာဝရတည်မြဲသောကြောင့် ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) သည် အန်ဆွာရီဆွဟာဗဟ်များအတွက် အလ္လာဟ်အရှင်မြတ်ထံ လွတ်ငြိမ်းချမ်း သာခွင့်၊ ဂုဏ်ပေးလေးစားခြင်းနှင့် အဆင်ပြေချောမွေ့မှုများ ပေးသနားတော်မူရန် ဒုအာပြုတော်မူခဲ့သည်။ အကြင် အန်ဆွာရီ ( မဒီနဟ်မြို့သား ) ဆွဟာဗဟ်များသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့် မုဟာဂျိရ် ( မက္ကဟ်မှ ရွှေ့ပြောင်းလာသော ဆွဟာဗဟ် )များအား ခိုလှုံခွင့်ပေးခဲ့ကြပြီး အကူအညီပေးခဲ့ကြသည့်အပြင် မိမိတို့၏ ဥစ္စာပစ္စည်းများကိုပင် မျှဝေပေးခဲ့ကြသည်။ ထိုနည်းတူ မုဟာဂျိရ်များအတွက် အလ္လာဟ်အရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့်၊ ဂုဏ်ပေးလေးစားခြင်းနှင့် အဆင်ပြေချောမွေ့မှုများ ပေးသနားတော်မူရန် ဒုအာပြုတော်မူခဲ့သည်။ အကြင် မုဟာဂျိရ်ဆွဟာဗဟ်များသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကျေနပ်နှစ်သက်မှုကို ရှာဖွေဆည်းပူးရန် မိမိတို့၏ နေရပ်များနှင့် ပစ္စ္စည်းဥစ္စာများကို စွန့်လွှတ်ခဲ့ကြသူများ ဖြစ်သည်။