ဂျာဟိလိယဟ် အစ္စလာမ်သာသနာမပြန့်ပွါးမီအလျင်က ရှိခဲ့ကြသူများ၏ယုံကြည်ချက်ဖြစ်သည့် ရောဂါများသည် အလ္လာဟ်အရှင်မြတ်၏ စီမံခန့်ခွဲမှုမပါဘဲ သူ့အလိုလို ကူးစက်နိုင်သည်ဟူသော အယူအဆသည် မှားယွင်းကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်။ ထို့ပြင်(သွိယရဟ်)သည် လည်းမှားယွင်းသောအယူအဆဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ သွိယရဟ်ဟူသော မကောင်းနိမိတ်ကောက်ခြင်းဟူသည် ငှက်များ၊ တိရစ္ဆာန်များ၊ ရောဂါသည်များ၊ နံပါတ်များ၊ နေ့ရက်များနှင့် အခြားအရာများကို ကြားခြင်း၊ မြင်ခြင်းဖြင့် နိမိတ်ကောက်ခြင်းဖြစ်သည်။ ဟဒီးဆ်တော်တွင် သွိယရဟ် ပျံသန်းခြင်းဖြင့်နိမိတ်ကောက်ခြင်းဟူသော စကားလုံးပါရှိရခြင်းမှာ ယင်းစကားလုံးသည် တမန်တော်မြတ်မဖွားမီဂျဟိလိယ္ယဟ်ခေတ်တွင် ကျော်ကြားလှသော စကားလုံးဖြစ်သည်။ မူလတွင် ယင်းစကားလုံးကို အလုပ်တစ်ခု သို့မဟုတ် ခရီးတစ်ခု သို့မဟုတ် အခြားအရာကို အစပြုရန်ငှက်လွှတ်ကြပြီး အကယ်၍ငှက်သည် လက်ယာဘက်သို့ပျံသန်းသွားပါက အကောင်းနိမိတ်ကောက်ပြီး အစပြုကြသည်။ အကယ်၍ငှက်သည် လက်ဝဲဘက်သို့ ပျံသန်းသွားပါက မကောင်းနိမိတ်ကောက်၍ မိမိအစပြုလိုသည့်ကိစ္စကို ရပ်စဲလိုက်ပေသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကောင်းသောနိမိတ်ကောက်ခြင်းကို နှစ်သက်တော်မူကြောင်းမိန့်ကြားထားသည်။ ကောင်းသောနိမိတ်ကောက်ခြင်းဟူသည် လူသားသည် မိမိကြားလိုက်သည့် ကောင်းမွန်သောစကားရပ် ဖြင့် ပျော်ရွှင်မှုကို ခံစားရပြီး ယင်းစကားရပ်သည် အရှင်မြတ်အား အကောင်းမြင်စိတ်ရရှိလာအောင်ပြုလုပ်ပေးသည်။