အုမရ်(ရဿွိယလ္လာဟုအန်ဟု)ကပြောပြသည်မှာ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ဆွဟာဗဟ်များထံ လူစိမ်းတစ်ဦးအသွင်ဖြင့် ထွက်ပေါ်လာသည်။ ၎င်း၏သွင်ပြင်မှာ သူ၏အဝတ်အစားများသည် လွန်စွာဖြူဖွေးကာ ဆံပင်သည် အလွန်မည်းနက်လျက်ရှိပြီး သူ့၌ ပင်ပန်းနွမ်းနယ်ခြင်း၊ ဖုန်များပေနေခြင်း၊ ဆံပင်များဖွာနေခြင်း၊ အဝတ်အစားများညစ်ပေနေခြင်းစသည့် ခရီးထွက်လာသည့် လက္ခဏာအရိပ်အယောင်မျှပင် မမြင်တွေ့ရပေ။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံပါးတွင် ထိုင်နေသူများအနက်မည်သူမျှ သူ့ကိုမသိကြပေ။ ထို့နောက် သူသည်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ရှေ့မှောက်တွင် ပညာသင်ယူဆည်းပူးသူကဲ့သို့ထိုင်ကာ တမန်တော်မြတ်အား အစ္စလာမ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ကိုယ်တော်က သူ့အား အစ္စလာမ့်မဏ္ဍိုင်ကြီးများဖြစ်သည့် ရှဟာဒသ် သက်သေခံချက်နှစ်ခုအားဝန်ခံခြင်း၊ ဆွလာသ်ငါးကြိမ် စွဲမြဲစွာဆောက်တည်ခြင်း၊ ဇကာသ်ယူထိုက်သူများကို ဇကာသ်ပေးခြင်း၊ ရမဿွာန်လ၏ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်း၊ တတ်စွမ်းနိုင်သူအပေါ်တွင် ဟဂ်ျ ဖရ်ဿွ်တာဝန်ကို ကျေပွန်ခြင်းစသည်တို့ကို ဖြေကြားတော်မူခဲ့သည်။ ထိုအခါ မေးမြန်းသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားခဲ့သည်။ မေးခွန်းမေးမြန်းခြင်းကို ကြည့်ခြင်းအားဖြင့် သူမသိကြောင်း ပေါ်လွင်နေသည့် အကြောင်းအရာတစ်ခုကို သူကိုယ်တိုင်က မှန်ကန်ကြောင်း ပြန်လည်ထောက်ခံသဖြင့် သာဝကကြီးများက အံ့ဩခဲ့ကြသည်။ ထို့နောက် အီမာန်ယုံကြည်ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ကိုယ်တော်က သူ့အား အီမာန်ဟူသည် အလ္လာဟ်အရှင်မြတ်တည်ရှိတော်မူခြင်းနှင့် အရှင်မြတ်၏ဂုဏ်တော်များကို လည်းကောင်း၊ အရှင်မြတ်သည် ဖန်ဆင်းခြင်းကဲ့သို့ မိမိ၏ဆောင်ရွက်မှုများတွင် တစ်ပါးတည်းဖြစ်တော်မူကြောင်းနှင့် ကိုးကွယ်ခံထိုက်ခြင်းတို့တွင် တစ်ပါးတည်းဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က နူရ်ဖြင့်ဖန်ဆင်းထားသည့် ‘မလာအိကဟ်’ ကောင်းကင်တမန်များသည် မြင့်မြတ်သောကျွန်များဖြစ်ကြပြီး၊ အလ္လာဟ်အရှင်မြတ်အား မဖီဆန်ကြဘဲ ထိုအလ္လာဟ်အရှင်မြတ်၏ အမိန့်ကိုလိုက်နာသူများဖြစ်ကြသည်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးမှ ရစူလ်တမန်တော်များအပေါ် ကျရောက်ခဲ့သော ကျမ်းဂန်များဖြစ်သည့် ကုရ်အာန်ကျမ်းမြတ်၊ သောင်ရာသ်ကျမ်း၊ အင်န်ဂျီလ်ကျမ်းနှင့် အခြားကျမ်းဂန်များကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ အရှင်မြတ်၏သာသနာကို ပို့ချခဲ့ကြသည့် ရစူလ်တမန်တော်များဖြစ်သော နူးဟ်(အလိုင်းဟိစ္စလာမ်)၊ အိဗ်ရာဟီးမ်(အလိုင်းဟိစ္စလာမ်) မူဆာ(အလိုင်းဟိစ္စလာမ်)၊ အီဆာ(အလိုင်းဟိစ္စလာမ်)၊ နောက်ဆုံးနဗီတမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် အခြားသောနဗီရစူလ်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယင်း၌သေပြီးနောက် ကဗရ်၌ ကြုံတွေ့ရမည့်အရာများ၊ ‘ဗရ်ဇခ်’ ကြားစခန်း၏သက်တမ်းတို့ ပါဝင်သည်။ လူသားသည် သေဆုံးပြီးနောက် ပြန်လည်ရှင်ပြန်ထရပြီး စာရင်းအင်း စစ်ဆေးခြင်းခံရမည်ဖြစ်ပြီး ၎င်း၏ပြန်လှည့်ရာနေရာသည် ဂျန္နသ် သို့မဟုတ် ဂျဟန္နမ်ဖြစ်သည်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကိုမိမိ‘အိလ်မ်’အသိပညာဖြင့် ကြိုတင်သိရှိတော်မူပြီး ထိုသို့သိရှိသည့်အတိုင်း မိမိ ‘ဟိက်မသ်’ အမြော်အမြင်ဖြင့် သတ်မှတ်ဆုံးဖြတ်ကာ ရေးဆွဲမှတ်တမ်းတင်တော်မူခဲ့သည်။ ၎င်းနောက် ထိုအရာများကို ဖြစ်ပေါ်လာစေရန် အလိုတူခဲ့သည်။ ထိုသတ်မှတ်ချက်များသည် အရှင်မြတ် သတ်မှတ်ထားသည့်အတိုင်း အရှင်မြတ်ဖန်ဆင်းလိုက်သည့်အတိုင်း ဖြစ်ပေါ်လာကြောင်းကို အီမာန်သက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။ ထို့နောက် ၎င်းက အိဟ်စာန် နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ကိုယ်တော်က အိဟ်စာန်ဟူသည် အလ္လာဟ်အရှင်မြတ်အား မြင်နေသကဲ့သို့မှတ်ယူကာ ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။ အကယ်၍ ထိုသူသည် ဤအဆင့်အတန်းထိမရောက်နိုင်လျှင် အလ္လာဟ်အရှင်မြတ်က မိမိအားမြင်နေသည်ဟုမှတ်ယူကာ ခဝပ်ကိုးကွယ်မှုပြုရမည်။ ပထမအဆင့်သည် ‘မုရှာဟဒဟ်’အဆင့်ဖြစ်ပြီး အမြင့်ဆုံးဖြစ်သည်။ ဒုတိယအဆင့်သည် ‘မုရာကဗဟ်’ဖြစ်သည်။ ထို့နောက် ၎င်းက ‘ကိယာမသ်’ ကမ္ဘာပျက်မည့်နေ့နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ‘ကိယာမသ်’နေ့နှင့် သက်ဆိုင်သည့် အသိပညာအား အလ္လာဟ်အရှင်မြတ်သည် မိမိ၏အသိပညာ၌သာ ထားရှိတော်မူပြီး မည်သည့် အဖန်ဆင်းခံမျှ မသိရှိကြောင်းနှင့် မေးမြန်းသူလည်း မသိသလို အမေးခံရသူလည်း မသိကြောင်း ရှင်းပြတော်မူသည်။ ထိုနောက် ၎င်းက ကိယာမသ်၏ နိမိတ်လက္ခဏာများနှင့်ပတ်သက်ပြီးမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က ထိုနိမိတ်လက္ခဏာများအနက် ကျွန်မများနှင့် သူမတို့၏ သားသမီးများ များပြားလာခြင်း သို့မဟုတ် သားသမီးများက မိခင်များ၏အမိန့်ကို ဖီဆန်လာကြပြီး ၎င်းတို့အား ကျွန်များကဲ့သို့ ဆက်ဆံလာကြခြင်း၊ နောက်ဆုံးခေတ်သမယ၌ ဆိတ်ကျောင်းသားများနှင့် ဆင်းရဲသားများသည် လောကီ၏ချမ်းသာကြွယ်ဝမှုကို ရရှိလာကြပြီး အဆောက်အဦးများအား လှပတင့်တယ်အောင်ပြုလုပ်ကာ ယင်းအဆောက်အဦးများ၏ ခိုင်မာထည်ဝါမှုအပေါ် အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်ပြုလာကြမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြတော်မူသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မေးခွန်းမေးသူသည် ဂျိဗ်ရီးလ် (အလိုင်းဟိစ္စလာမ်) ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်သည့် သာသနာတော်အား ဆွဟာဗဟ်များကို သင်ကြားပေးရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။