ကောင်းကင်တမန်ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ထံတော်ပါးတွင် ထိုင်နေစဉ် မိုးကောင်းကင်မှ တံခါးဖွင့်သံကဲ့သို့ အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအခါ ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်) သည် မိုးကောင်းကင်ဘက်သို့ ခေါင်းကိုမော့ကြည့်ခဲ့ပြီးနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ပြောဆိုခဲ့သည်မှာ- ဤသည် ယနေ့ပင် ဖွင့်လှစ်လိုက်သည့် မိုးကောင်းကင်၏ တံခါးတစ်ခုဖြစ်သည်။ ယခင်က မည်သည့်အခါမျှ ဖွင့်ခဲ့ဖူးခြင်းမရှိပါ။ ထို့နောက် ထိုတံခါးမှ ကောင်းကင်တမန်တစ်ပါးသည် မြေပထဝီပေါ်သို့ ဆင်းသက်လာခဲ့ပြီး ဒီ့အရင် မည်သည့်အခါကမျှ ဆင်းသက်ခဲ့ဖူးခြင်းမရှိပေ။ ထိုကောင်းကင်တမန်သည် တမန်တော်မြတ်အား စလာမ် ဆက်သ၍ ဤသို့ပြောကြားခဲ့သည် - အသင် ဝမ်းမြှောက်ဖွယ်သတင်းကောင်းကို ရယူလော့။ အသင်(တမန်တော်)သည် အလင်းရောင်နှစ်ခုကို ချီးမြှင့်ပေးအပ်ခြင်းခံရပြီဖြစ်သည်။ ထိုအလင်းရောင်နှစ်ခုကို သင့်အလျင်ရှိခဲ့သော မည်သည့် နဗီတမန်တော်တစ်ပါးကမျှ ချီးမြှင့်ပေးအပ်ခံခဲ့ရခြင်း မရှိခဲ့ပေ။ ထိုအလင်းရောင်နှစ်ခုမှာ- ဆူရဟ်ဖာသိဟဟ်နှင့် ဆူရဟ်ဗကရဟ်၏ နောက်ဆုံး အာယသ်တော်နှစ်ပိုဒ် ဖြစ်သည်။ ထို့နောက် ကောင်းကင်တမန်က ပြောကြားခဲ့သည်မှာ - မည်သူမဆို ထိုဆူရဟ်နှစ်ခုအနက်မှ အက္ခရာတစ်လုံးကိုမျှပင် ရွတ်ဖတ်လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ယင်းဆူရဟ်နှစ်ခုတွင် ပါဝင်သော ကောင်းခြင်းများ၊ ဒုအာဆုတောင်းခြင်းများနှင့် လိုလားတောင့်တမှုများကို မုချ ချီးမြှင့်ပေးတော်မူမည် ဖြစ်သည်။