တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က လူသားတို့၏ စိတ်နှလုံးသားများအားလုံးသည် ကရုဏာတော်ရှင်(အလ္လာဟ်အရှင်မြတ်)၏ လက်ချောင်းများအနက်မှ လက်ချောင်းတော်နှစ်ချောင်းကြားတွင် စိတ်နှလုံးသားတစ်ခုတည်းကဲ့သို့ တည်ရှိပြီး၊ အရှင်မြတ်သည် မိမိအလိုတော်ရှိသည့်အတိုင်း ၎င်းအား လှည့်ပြောင်းတော်မူကြောင်း မိန့်ကြားတော်မူခဲ့၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူလျှင် ထိုစိတ်နှလုံးသားကို တရားလမ်းမှန်ပေါ်၌ တည်တံ့စေတော်မူပြီး၊ အလိုရှိလျှင် တရားလမ်းမှန်မှ လွဲချော်စေတော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ စိတ်နှလုံးသားအားလုံးကို စီမံခန့်ခွဲမှုသည် စိတ်နှလုံးသားတစ်ခုတည်းကို စီမံခန့်ခွဲမှုကဲ့သို့ပင် ဖြစ်သည်။ အရှင်မြတ်သည် တစ်ခုကို စီမံခန့်ခွဲရင်း နောက်တစ်ခုမှ ကင်းလွတ်သွားခြင်းမျိုး မရှိပေ။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ ဆုတောင်းတော်မူခဲ့သည်။ "အို- နှလုံးသားများကို တစ်ခါတစ်ရံအမိန့်နာခံမှုဆီသို့လည်းကောင်း၊ တစ်ခါတစ်ရံ အပြစ်အကုသိုလ်ဆီသို့လည်းကောင်း၊ တစ်ခါတစ်ရံ သတိရတသမှုဆီသို့လည်းကောင်း၊ တစ်ခါတစ်ရံ မေ့လျော့မှုဆီသို့လည်းကောင်း လှည့်ပြောင်းတော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးတို့၏ စိတ်နှလုံးသားများကို အရှင့်အမိန့်တော်ကို နာခံခြင်းဆီသို့ လှည့်ပြောင်းပေးသနားတော်မူပါ။