တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များမှ ရှောင်ကြဉ်သော မုအ်မင်န်ကျေးကျွန်တစ်ဦးအား ချစ်ခင်နှစ်သက်တော်မူသောအခါ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)အား ခေါ်၍မိန့်ကြားတော်မူသည်မှာ - ဧကန်စင်စစ် ငါအလ္လာဟ်အရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်တော်မူ၏။ သို့ဖြစ်၍ အသင်သည်လည်း ထိုသူ့အား ချစ်ခင်နှစ်သက်လော့။ ထိုအခါ ကောင်းကင်တမန်များ၏ ခေါင်းဆောင် ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ထိုသူအား ချစ်ခင်နှစ်သက်လေ၏။ ထို့နောက် ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ကောင်းကင်တမန်များတွင် ကြွေးကြော်လိုက်သည်မှာ - ဧကန်အမှန် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်တော်မူ၏။ သို့ဖြစ်၍ အသင်တို့သည်လည်း ထိုသူအား ချစ်ခင်နှစ်သက်ကြလော့။" ထိုအခါ ကောင်းကင်တမန်များအားလုံးသည် ထိုသူအား ချစ်ခင်နှစ်သက်ကြကုန်၏။ ထို့နောက် မုအ်မင်န်ယုံကြည်သူတို့၏ နှလုံးသားများတွင် ထိုသူအား ချစ်ခင်နှစ်သက်ခြင်း၊ သဘောကျခြင်းနှင့် ကျေနပ်ခြင်းတို့ဖြင့် လက်ခံမှုရရှိစေရန် ပြုလုပ်သတ်မှတ်ပေးတော်မူခြင်း ခံရလေသည်။ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအား မုန်းတီးတော်မူသောအခါ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)အား ခေါ်၍မိန့်ကြားတော်မူသည်မှာ - ဧကန်မုချ ငါအရှင်မြတ်သည် မည်သူမည်ဝါအား မုန်းတီးတော်မူ၏။ သို့ဖြစ်၍ အသင်သည်လည်း ထိုသူ့အား မုန်းတီးလော့။" ထိုအခါ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ထိုသူအား မုန်းတီးလေသည်။ ထို့နောက် ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ကောင်းကင်တမန်များတွင် ဟစ်ခေါ်ကြွေးကြော်လိုက်သည်မှာ - ဧကန်အမှန် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မည်သူမည်ဝါအား မုန်းတီးတော်မူ၏။ သို့ဖြစ်၍ အသင်တို့သည် ထိုသူအား မုန်းတီးကြလော့။" ထိုအခါ ကောင်းကင်တမန်များအားလုံးသည် ထိုသူ့အား မုန်းတီးကြကုန်၏။ထို့နောက် မုအ်မင်န်ယုံကြည်သူတို့၏ နှလုံးသားများတွင် ထိုသူအား မုန်းတီးခြင်းနှင့် စက်ဆုပ်ရွံရှာခြင်းတို့ ရရှိစေရန် ပြုလုပ်သတ်မှတ်ပေးတော်မူခြင်း ခံရလေသည်။